ရွေးကောက်ပွဲကော်မရှင်၏ နိုင်ငံတော် မဲစာရင်းလုပ်ကြံမှု (သို့မဟုတ်) မဲစာရင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ

ရွေးကောက်ပွဲကော်မရှင်၏ နိုင်ငံတော် မဲစာရင်းလုပ်ကြံမှု (သို့မဟုတ်) မဲစာရင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ

၂၀၁၅ ခုနှစ် စက်တင်ဘာလ (၁၉) ရက်

စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သော ဒုတိယအကြိမ် မဲစာရင်းမှာ ပထမအကြိမ်က ကြေညာခဲ့သော အခြေခံမဲစာရင်းထက် အမှားအယွင်းများရှိကာ ပိုမိုဆိုးဝါးလျှက်ရှိကြောင်း ပြည်သူအများအပြားက ပြောကြားနေကြသည်။

ဒုတိယအကြိမ် ထုတ်ပြန်သော မဲစာရင်းအမှားအယွင်းများနှင့် ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဗဟိုမဲစာရင်းစိစစ်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ မခင်မိုးအေးက“အခြေခံမဲစာရင်းတုန်းက ကိုယ့်နာမည်ပါတယ် ဆိုပြီး အခုထပ်ထုတ်လိုက်တဲ့ ဒုတိယအကြိမ် မဲစာရင်းကို သွားမကြည့်ဘဲ စိတ်အေးလက်အေး နေလို့မရဘူး။ အခြေခံ မဲစာရင်းမှာ ပါပေမယ့် အခုထပ်ထုတ်လိုက်တဲ့ မဲစာရင်းမှာ ကိုယ့်နာမည်မပါတာ တွေ့ရတယ်။ အိမ်ထောင်စုလိုက် ပျောက်နေတယ်။အခြေခံမဲစာရင်းမှာ ပုံစံ(၄)နဲ့ ကန့်ကွက်ခဲ့တဲ့ လူတွေရဲ့ စာရင်းတွေလည်း ပြန်ပါနေတယ်။ ပုံစံ(၄-ဂ)နဲ့ အချက်အလက်မှားလို့ ပြင်ထားတဲ့ စာရင်းတွေကလည်း အခု အမှားအတိုင်း ပြန်ပါနေတယ်။ ” ဟု ပြောကြားသည်။

ဆက်လက်ပြီး ကျေးရွာများတွင် မဲစာရင်း ထုတ်ပြန်ထားရှိမှုတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်းကို “ကျေးရွာအုပ်စု တစ်စုမှာကျေးရွာပေါင်း အများကြီးရှိတယ်။ အဲ့ဒီလို အများကြီးရှိတဲ့ အထဲက ကျေးရွာ တစ်ရွာတည်းမှာဘဲ မဲစာရင်းကို ကပ်ထားတယ်။ တစ်ရွာနဲ့ တစ်ရွာ အဝေးကြီးဖြစ်နေတဲ့ အတွက် သွားကြည့်ဖို့ ခက်ခဲတယ်။ အခြေခံ မဲစာရင်းတုန်းက ရွာတိုင်းမှာ ကပ်ထားတော့ သွားကြည့်ဖို့ အဆင်ပြေသေးတယ်။ အခုက ကျေးရွာပေါင်းလေး၊ ငါးဆယ် ပါဝင်တဲ့ ကျေးရွာအုပ်စု တစ်စုမှာ တစ်ရွာလောက်ပဲ ကပ်ထားတော့ တခြားရွာတွေက အခက်အခဲ အမျိုးမျိုးကြောင့် သွားကြည့်ရတာ အဆင်မပြေဘူး ဆိုပြီးတော့ ခုရက်ပိုင်း ဖုန်းတွေဆက်ပြီး မေးမြန်းလာတာတွေကို ဖြေရှင်းပေးနေရတဲ့ အကြီးဆုံး ပြသနာဖြစ်နေတယ်။ ”ဟု ပြောကြားသည်။

ပထမအကြိမ်ထုတ်ပြန်သော မဲစာရင်းနှင့် ဒုတိယအကြိမ် ထုတ်ပြန်လိုက်သော မဲစာရင်း၏ ကွာဟချက် အများအပြားရှိကြောင်း ကိုလည်း “အခု ထုတ်ပြန်လိုက်တဲ့ မဲစာရင်းက ပိုဆိုးနေတယ်။ ဘာကြောင့်လဲဆိုတော့ အရင်အခေါက်က မှားလို့ပြင်ထားတဲ့ မဲစာရင်းက အခုလည်းထပ်ပြီး အမှားအတိုင်း ပြန်ပါလာတယ်။ အရင်မှန်ခဲ့တဲ့ လူတွေရဲ့ စာရင်းတောင် အခုအခေါက်မှာ မှားနေတယ် ဆိုတော့ အရမ်း ဆိုးရွားတဲ့ အခြေအနေဖြစ်နေတယ်။ အခု အက္ခရာစဉ်နဲ့ စီထားတဲ့ မဲစာရင်းက အိမ်ထောင်စုတစ်စု အတွက် သွားကြည့်တယ်ဆိုရင် တစ်ယောက်ချင်းစီကို ရှာရတာ တော်တော်လေး ခက်ခဲနေတဲ့ အတွက် အခုမဲစာရင်းက တော်တော်လေး ဆိုးရွားတဲ့ အခြေအနေမျိုးမှာ ရှိနေတဲ့အတွက် ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတာ တော်တော်လေး ခက်ခဲနေပါသေးတယ်။”ဟု မခင်မိုးအေးက ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၄ ရက်တွင် ထပ်မံထုတ်ပြန်လိုက်သော ဒုတိယအကြိမ် မဲစာရင်းတွင် အမှားအယွင်းများစွာရှိနေပြီး ထိုအမှားအယွင်းများအား ပြင်ဆင်ရန်နှစ်ပတ်ခန့်သာ အချိန်ရပြီး နှစ်ပတ်အတွင်း မဲစာရင်းများစွာကို ပြင်ဆင်ရန်အချိန် လုံလောက်မှု မရှိကြောင်း သိရသည်။

ထိုကဲ့သို့ ရွေးကောက်ပွဲကော်မရှင်မှ ဒုတိယအကြိမ်ထုတ်ပြန်လိုက်သော မဲစာရင်း မှားယွင်းမှုကြီးသည်ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများအတွက် အလားအလာမကောင်းသော ရလဒ်များနှင့် အဖြေမျိုးစုံထွက်ပေါ်နိုင်သဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ဂရုတစိုက်အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း ပြည်သူများအကြား သုံးသပ်လျှက်ရှိကြောင်းသိရပါသည်။

သတင်းစဉ် – NLD Central Online Media Team
ဓါတ်ပုံ – http://www.tribuneindia.com

Style switcher RESET
Body styles
Color settings
Color 1
Color 2
Background image